ကွယ်လွန်သူ ဆရာဦးဝင့်ကျော် (ဘဏ်လုပ်ငန်းပညာရှင်)

13 09 2010

E2/6 မှ သူငယ်ချင်းများအားလုံး

E2/6 တွင် Financial Management ဘာသာရပ်အား သင်ကြားပေးသွားသော

ဆရာဦးဝင့်ကျော်၏ နောက်ဆုံးခရီးအား လိုက်ပါပို့ဆောင်ကြပါရန် ၀မ်းနည်းစွာဖြင့် အကြောင်းကြားအပ်ပါသည်။

15 September 2010 နေ့ ထိန်ပင်သုဿန်တွင် ဂူသွင်းပါမည်။





နိုင်ငံတကာ ကုန်သွယ်ရေး -ဒေါက်တာ နေဇင်လတ်

29 11 2009

နိုင်ငံတကာ ကုန်သွယ်ရေး
ဒေါက်တာ နေဇင်လတ်

အခြေခံ သဘောတရား
Globalization ဆိုတဲ့ ကမ္ဘာပြုမှုဟာ ခရီးလမ်းပန်း ဆက်သွယ်ရေးကောင်း စတင်ဖွံ့ဖြိုးတဲ့အချိန်ကစပြီး မွေးဖွားလာပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၂၀၀ ပိုပိုရှိတဲ့အထဲ ဘယ်လောက်အထိ ကမ္ဘာ့ရေစီးကြောင်းထဲ လိုက်ပါသလဲ၊ တစ်နည်းအားဖြင့် Globalized ဘယ်လောက်ဖြစ်ကြသလဲကို လေ့လာတဲ့အခါမှာ ပညာရှင်တွေက သိသိသာသာ စဖြစ်လာတာ ၁၉၂၀ ကလို့ ဆိုကြပါတယ်။ ၁၉၅၀ ကျတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၀ ရာခိုင်နှုန်းလောက် ကမ္ဘာ့ရေစီးကြောင်းထဲ ပါဝင်လာကြပြီး၊ ၁၉၇၀ မှာ ၂၀ ရာခိုင်နှုန်း၊ ခရစ်နှစ် ၂၀၀၀ မှာ ၈၀ ရာခိုင်နှုန်းဖြစ်လာပါတယ်။ ၂၀၁၀ ကျရင်တော့ တစ်ကမ္ဘာလုံးရဲ့ ၉၅ ရာခိုင်နှုန်းလောက် Globalized ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ လက်လှမ်းမမီတဲ့ နိုင်ငံတချို့၊ သီးခြားဖြစ်တည်လိုတဲ့ (Isolated) နိုင်ငံတချို့ကလွဲရင် ကျန်တဲ့နိုင်ငံတွေ အနည်းအများ ကမ္ဘာဆန်မှုကို လက်ခံကျင့်သုံးကြပါလိမ့်မယ်။ နောက်ပိုင်း ဆက်သွယ်ရေးစနစ်တွေ ပိုမိုကောင်းမွန်ခြင်းက ခရီးလမ်းပန်း ဆက်သွယ်ရေးထက် ကမ္ဘာဆန်မှုကို အထောက်အကူပြုတာကို ၁၉၇၀၊ ၂၀၀၀ ကြား တစ်ဟုန်ထိုး မြင့်တက်သွားတဲ့ နိုင်ငံအရေအတွက်က ဖော်ကျူးပါတယ်။
Globalization
နိုင်ငံတကာ ကုန်သွယ်ရေး
ကမ္ဘာဆန်မှုရဲ့ အင်္ဂါရပ်တစ်ခုက နိုင်ငံတကာကုန်သွယ်ရေး ဖွံ့ဖြိုးခြင်းပါပဲ။ ကမ္ဘာဆန်မှုရင့်ကျက်လာလေ၊ နိုင်ငံတကာကုန်သွယ်ရေးအားကောင်းလာလေ
ဖြစ်ရပါတယ်။ နိုင်ငံတွေအချင်းချင်း ပင့်ကူအိမ်လို လက်ယှက်ထိုးကုန်သွယ်ရေးတွေ ရှိလာခြင်းဟာ နိုင်ငံတွေအားလုံးကို အကျိုးပြုခဲ့ပါတယ်။ ၂၀၀၈ စီးပွားရေးပျက်ကပ်ကြုံတော့လည်း နိုင်ငံတွေအားလုံး မလွန်ဆန်နိုင်ဘဲ တစ်နွယ်ငင်တစ်စင်ပါလိုက်ကြရပါတယ်။အခွင့်အရေးသာရင် အားလုံး ခံစားကြ၊ ဆုံးရှုံးကြတော့လည်း မျှဝေခံစားစေတာဟာ ကမ္ဘာဆန်မှု အခြင်းအရာတစ်ခုလည်း ဖြစ်ပါတယ်။ ငလျင်ဗဟိုချက် (Epic Center) နဲ့ နီးလို့၊ ဝေးလို့ ဆိုတဲ့ ဆင်ခြေမရှိပါဘူး။ နောက်ပိုင်း ကမ္ဘာဆန်မှုမှာလှုပ်မယ့် စီးပွားရေးငလျင်မှာ ဝေးတဲ့နိုင်ငံမရှိတော့ဘူးလို့ ယူဆနိုင်ပါတယ်။ ငလျင်စက်ကွင်းကနေ ဘယ်နိုင်ငံမှ လွတ်မှာ မဟုတ်ပါဘူး။ ကြိုတင်ပြင်ဆင်မှုရှိတဲ့ နိုင်ငံက သက်သာရာ၊ သက်သာကြောင်း ရနိုင်တယ်ဆိုတာမျိုးလောက်ပဲ ရှိနိုင်ပါတယ်။
ကုန်သွယ်မှုတစ်ခုကို နိုင်ငံတစ်ခုထက်ပိုပြီး လုပ်ဆောင်ခဲ့ရင် နိုင်ငံတကာ ကုန်သွယ်ရေးလို့ အရိုးစင်းဆုံး သတ်မှတ်ထားပါတယ်။ နိုင်ငံတကာ ကုန်သွယ်ရေးကို ဘယ်လောက်များများ၊ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်တယ်ဆိုတဲ့ အခြေအနေတစ်ရပ်ပေါ်ပဲ မူတည်ပြီးကွဲပြားပါတယ်။ ကုန်သွယ်မှုဆိုတဲ့နေရာမှာ ပစ္စည်းရောင်းချတာတွေ ပါဝင်သလို၊ ၀န်ဆောင်မှု တင်ပို့၊ တင်သွင်းတာလည်း ပါဝင်ပါတယ်။

ကုန်သွယ်ရေးသဘောတရားများ
ခပ်ကြမ်းကြမ်း အခြေခံသုံးမျိုး ခွဲခြားထားပါတယ်။

• Laissez-faire ဆိုတဲ့ ၀င်ရောက်စွက်ဖက်မှု မရှိတဲ့ အခြေအနေတစ်ရပ်အောက်မှာ ဆောင်ရွက်တဲ့ ကုန်သွယ်ရေး
• အစိုးရများရဲ့ ၀င်ရောက်စွက်ဖက်မှု၊ ပါဝင်ပတ်သက်မှု အခြေအနေရှိတဲ့ ကုန်သွယ်ရေး
• အထက်ဖော်ပြပါ နှစ်ရပ်စလုံးရဲ့ အင်္ဂါရပ်ရှိတဲ့ ကုန်သွယ်ရေး
Mercantilism (မက်ကင်တင်လစ်ဇင်)
ကုန်သွယ်မှုနဲ့စပ်လျဉ်တဲ့ ကူးသန်းရောင်းဝယ်မှု(Mercantilism) ဟာ ထင်ရှားတဲ့ သဘောတရားတစ်ခုဖြစ်ပြီး အဲဒီ အတွေးအခေါ် အယူအဆဟာ ၁၅၀၀ ကျော် နှစ်များကြားမှာ အားကောင်းခဲ့ပါတယ်။ ကိုလိုနီနယ်ချဲ့စနစ်တွေ အင်မတန်အားကောင်းခဲ့တဲ့အချိန်နဲ့ တစ်သားတည်းရှိခဲ့တာကို သတိထားမိပါလိမ့်မယ်။ Mercantilism ဟာ ကိုလိုနီပါဝါအားကောင်းရေး၊ အကျိုးကျေးဇူးဖြစ်ထွန်းရေးကို ရည်ရွယ်ပါတယ်။ကိုလိုနီနယ်ချဲ့လက်အောက်ခံ နိုင်ငံတွေက ကုန်ကြမ်းတွေ၊ လုပ်အားခတွေကို ဈေးပေါပေါနဲ့ နယ်ချဲ့သူတွေက ရယူခဲ့ကြပြီး သူတို့နိုင်ငံက

အတတ်ပညာထည့်သွင်းပြီး ကုန်ချောတွေကို လက်အောက်ခံနိုင်ငံတွေဆီ ပြန်ရောင်းပါတယ်။ Trade Surpluses ဆိုတဲ့ ကုန်သွယ်ရေး အကျိုးအမြတ်တွေ အကြီးအကျယ် ရခဲ့ကြပါတယ်။ Mercantilism မှာ ကုန်သွယ်ရေးပိုငွေ အမြောက်အမြားရနိုင်ခြင်းက အဲဒီခေတ်က ကုန်သွယ်ရေး သီအိုရီတစ်ခုရဲ့ အဓိက ယုံကြည်ချက် အယူအဆတစ်ခု ဖြစ်ခဲ့ပါတယ်။ ဆင်းရဲ၊ ချမ်းသာ နိုင်ငံများ ကွာဟမှုကို ပိုမိုကြီးထွားလာပါတယ်။
အဲဒီအချိန်က နိုင်ငံတစ်နိုင်ငံရဲ့ ချမ်းသာမှုကို အဲဒီနိုင်ငံက ပိုင်ဆိုင်ထားတဲ့ ရတနာတွေနဲ့ အခြေခံအားဖြင့် တိုင်းတာပါတယ်။ ကမ္ဘာသုံး`ရွှေ´ ဟာ အဓိကတိုင်းတာရာစံနှုန်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံတစ်ခုက ပို့ကုန်လို့ခေါ်တဲ့ Export ဟာ သွင်းကုန်လို့ခေါ်တဲ့ Import ထက် ပိုရမယ်ဆိုတဲ့ အယူအဆ အခြေခံပါတယ်။ `များများပို့´ `နည်းနည်းသွင်း´ အယူအဆဖြစ်ပါတယ်။ တချို့ ပြည်တွင်းထုတ်ကုန်တွေ မယှဉ်ပြိုင်နိုင်တဲ့ သွင်းကုန်တွေကို သွင်းခွင့် မပြုကြပါဘူး။ ၁၈၀၀ ကျော်သွားတော့ နိုင်ငံတကာ ကုန်သွယ်ရေး အယူအဆ အတွေးအခေါ်တွေ ပြောင်းလဲလာပြီး၊ မက်ကင်တင်လစ်ဇင် စတင်မှေးမှိန် လာပါတော့တယ်။
Neomercantilism (နီယိုမကင်တင်လစ်ဇင်)
မကင်တင်လစ်ဇင်လက်သစ် (အယူအဆ) ဖြစ်ပါတယ်။ ပထမ အယူအဆမှာတုန်းက စီးပွားရေးသက်သက်ပေါ်မှာ ရေးသားမှုတစ်ခုတည်းကိုသာ အလေးထားခဲ့ပေမယ့်၊ နောက်ပိုင်း ခေါင်းဆောင်တွေ အမြင်ကျယ်လာ တာနဲ့အမျှ အယူအဆသစ်တစ်ခုဆိ ရှေးရှုလာပါတော့တယ်။ အဲဒါက Trade Balance ဆိုတဲ့ ကုန်သွယ်ရေးညီမျှမှု (တစ်ဖက်စောင်းနင်းမှရှောင်ရှား) လူမှုရေး၊ နိုင်ငံရေး အခြေအနေတွေပေါ်မှာ စဉ်းစားပြီး ကမ္ဘာ့ကုန်သွယ်ရေးကို ဆောင်ရွက်လာကြပါတယ်။ သည်အယူအဆဟာ ယနေ့အခါမှာ လုံးဝပျောက်သွားတယ်လည်း မဟုတ်၊ အတိအကျ လိုက်နာဆောင်ရွက်သည်လည်း မဟုတ်ပါ။ ခေတ်သစ်မှာတော့ ကုန်သွယ်ရေးသက်သက်ကိုပဲ လုံးဝကြည့်လို့ မရတာကတော့ သေချာပါတယ်။ အမေရိကန်၊ တရုတ်ကုန်သွယ်ရေးကိုကြည့်ရင် အမေရိကန်တွေ ကုန်သွယ်ရေးလိုငွေ အကြီးအကျယ်ပြနေတာ အတော်ကြာနေပါပြီ။ ကုန်သွယ်ရေးသက်သက် တစ်ခုတည်းဆိုရင်သည်လောက် အမေရိကန်တွေ လျော့ပေးမှာမဟုတ်တာ သေချာပါတယ်။

Absolute Advantage
ဥဿုံအသာစီးရမှု ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံက ကုန်ပစ္စည်းတစ်ခုထုတ်လုပ်မှုမှာ အခြားနိုင်ငံထုတ်ထက် စရိတ်စကများစွာ သက်သက်သာသာနဲ့ ထုတ်လုပ်နိုင်တာ၊ အဲဒီအပေါ် အခွင့်အလန်းသာတာကို ဆိုလိုပါတယ်။ တစ်ချိန်က ဂျာမနီက ဟိုက်ဒါဘတ်ပုံနှိပ်စက်တွေ ကြီးစိုးခဲ့တာမျိုး၊ ဆွစ်ဇာလန်ဘဏ်တွေ ကြီးစိုးခဲ့တာမျိုးကို ဆိုလိုပါတယ်။ နည်းပညာ အသုံးချနိုင်မှုက သည်ကိစ္စမှာ တစ်ခုတည်းသော အဆုံးအဖြတ်မဟုတ်တော့ဘဲ လုပ်အားခချိုသာမှု၊ အမြောက်အမြား ထုတ်လုပ်နိုင်မှု၊ ဈေးကွက်ကြီးကြီး ရရှိမှုတွေက အားပေးတဲ့အရာတွေ ဖြစ်လာပါတယ်။ ဂျပန်နိုင်ငံမှထုတ်တဲ့ ရုပ်မြင်သံကြားစက်တွဟာ လုပ်အားခမချိုသာပေမယ့်၊ ဈေးကွက်ကြီး ရအောင် ကြိုးစားထားနိုင်တဲ့အတွက် အမြောက်အမြား ထုတ်လုပ်တဲ့အခါမှာ ထုတ်လုပ်မှုစရိတ် လျော့ကျလာပြီး တခြားနိုင်ငံပစ္စည်းတွေက ဈေးနှုန်းအရာမှာ ဂျပန်ကို မယှဉ်နိုင်တာမျိုး ဖြစ်ပါတယ်။ ဂျပန်တွေက Absolute Advantage ရတယ်လို့ ပြောနိုင်ပါတယ်။
Adam Smith
အဒမ်စမစ်ကို ဘောဂဗေဒမှာ ခေါင်းကိုင်ဖခင်ကြီးလို့ တင်စားကြပါတယ်။ သူ့ရဲ့အယူအဆတွေက ကမ္ဘာ့ဘောဂဗေဒနယ်ပယ်မှာ နှစ်ပေါင်းများစွာလွှမ်းမိုးထားခဲ့ပါတယ်။ ၂၀၀၈ အမေရိကန်ကစလိုက်တဲ့ ဘဏ္ဍာရေးစနစ် ပျက်ယွင်းမှု၊ စီးပွားရေးပျက်ယွင်းမှုတွေဟာ AdamSmith ရဲ့ အယူအဆပေါ် ယုံကြည်မှုလွန်ကဲလွန်းလို့ဆိုပြီး တချို့ပညာရှင်တွေကတောင် ဝေဖန်ခဲ့ကြတာ ကြားလိုက်ရပါတယ်။ သူ့အယူအဆထဲကတစ်ခုမှာ ဈေးကွက်အလိုတိုင်း ဖြစ်တည်စေပြီး၊ အစိုးရတွေက ၀င်ရောက်စွက်ဖက်ခြင်းက ရှောင်ရှားကြဖို့ဖြစ်ပါတယ်။
နောက်အယူအဆက တချို့နိုင်ငံတွေဟာ တချို့နိုင်ငံတွေထက် တချို့သော ကုန်ပစ္စည်းထုတ်လုပ်ရာမှာ ပိုပြီး စွမ်းရည်ရှိရှိ၊ အကျိုးရှိရှိ ထုတ်လုပ်နိုင်ကြတယ်ဆိုတဲ့ အယူအဆပါ။ Absolute Advantage ပါပဲ။ ဒါကြောင့် နိုင်ငံတိုင်းဟာ ပစ္စည်းတိုင်းကို ထုတ်မနေသင့်ဘူး။ ကိုယ်အားသာတဲ့ပစ္စည်းကိုပဲ ထုတ်လုပ်စားသုံး၊ ရောင်းချသင့်တယ်လို့ Adam Smith က ယုံကြည်ပါတယ်၊ ကိုယ်စွမ်းရည်နည်းတဲ့ပစ္စည်းမျိုးကိုတော့ တခြားက ၀ယ်သုံးရင်း ထွက်ပေါ်လာတဲ့ အကျိုးတရားတွေကို နိုင်ငံတွေ ခံစားသင့်တယ်လို့ ထောက်ပြပါတယ်။ အဲသလိုနည်းနဲ့ ကျင့်သုံးရင် နိုင်ငံတိုင်း အခွင့်အလမ်းတွေကို ခံစားရလိမ့်မယ်လို့ ပြောပါတယ်။ သူ့အယူအဆအခြေခံတွေကတော့-

• လွတ်လပ်တဲ့ ကုန်သွယ်မှုဟာ ကမ္ဘာ့စွမ်းရည်ကို တိုးပွားစေတယ်။
• နိုင်ငံတစ်နိုင်ငံဟာ သူကျွမ်းကျင်တဲ့ ကုန်ပစ္စည်းတစ်ခုရဲ့ ထုတ်လုပ်မှုပေါ်မှာ အလေးထားထုတ်လုပ်ရင်း ယှဉ်ပြိုင်နိုင်စွမ်းကို ပိုပြီးရမယ်။
• လုပ်သားတွေကလည်း ကုန်ပစ္စည်းတစ်ခုကို အမြောက်အမြား ထပ်ကာတလဲလဲ ထုတ်လုပ်နေရတော့ ပိုပြီး ကျွမ်းကျင်မှု ရှိလာမယ်။
• ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်မှုကနေ တခြား ထုတ်လုပ်မှုတစ်ခုကို မပြောင်းလဲရတော့ ပြင်ဆင်ချိန်သက်သာပြီး ကုန်ပစ္စည်းတွေ ပိုပြီး ထုတ်လုပ်နိုင်မယ်။
• ရှည်လျားစွာ ထုတ်လုပ်ရေးလုပ်ရတော့ ပိုပြီး ထိရောက်တဲ့ ထုတ်လုပ်ရေးစနစ်နဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေကို ရှာဖွေနိုင်ရမယ်။
သူပြောတဲ့ အားသာချက်တွေကို အကုန်ရပါတယ်၊ မှန်လည်းမှန်၊ ကောင်းလည်းကောင်းတဲ့ အယူအဆတစ်ရပ် ဖြစ်ပါတယ်၊ ဒါပေမယ့် လက်တွေ့မှာ နိုင်ငံတိုင်း အဲဒီအယူအဆပေါ် လုံးဝဥဿုံ ရပ်တည်လို့ မရကြပါ။ အခြားရှု့ထောင့်က ရှု့မြင်ရင် Adam Smith ရဲ့ အယူအဆမှာ အနာအဆာတွေ တွေ့လာရပါတယ်။ ၁၉၇၃-၇၄ ရေနံပြဿနာမှာ ရေနံဈေးတွေ ခုန်တက်သွားတော့ နိုင်ငံတွေရဲ့စီးပွားရေးတွေ ကမောက်ကမ ဖြစ်သွားခဲ့ရပါတယ်။ ဒါကြောင့် ဂျပန်ဆိုရင် ဆန်စပါး ထုတ်လုပ်မှုဟာ ကမ္ဘာ့ပေါက်ဈေးထက် မြင့်နေပေမယ့် စပါးကိုဆက်ပြီး စိုက်စေခဲ့ရပါတယ်။ နို့မို့ရင် ဂျပန်မှာ စပါးစိုက်တဲ့လူတန်းစား ပျောက်သွားပြီး အခက်အခဲဖြစ်ရင် တိုင်းပြည်ဒုက္ခရောက် သွားနိုင်လို့ပါ။ လယ်သမားတွေအတွက် အစိုးရက အနာခံပြီး၊ အာမခံဈေးနှုန်းတစ်ခုနဲ့ ပြန်ဝယ်ပေးရင်း ဂျပန်မှာ စပါးဆက်ပြီး စိုက်နေကြပါတယ်။
Natural Advantage
သဘာဝကပေးတဲ့ အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ ဥပမာ- သင့်တင့်လျောက်ပတ်တဲ့ ရာသီဥတု ရှိနေခြင်း၊ သဘာဝသယံဇာတကြွယ်ဝခြင်း၊ လုပ်သားအင်အားစုများရရှိနိုင်ခြင်း တွေလိုဟာမျိုး ဖြစ်ပါတယ်။ စင်ကာပူမှာအဲသလို Natural Advantage မရှိလှပါဘူး၊ ဆိပ်ကမ်းတစ်ခုတည်းသာရှိပါတယ်။ မြန်မာပြည်မှာတော့ အဲဒီအပိုင်းမှာ အတော်ကလေးအရေးသာ တယ်လို့ မြင်ပါတယ်။ ရေနက် ဆိပ်ကမ်း၊ ရေတိမ် ဆိပ်ကမ်းတွေ ရှိတဲ့အပြင် လူဦးရေကလည်း မများ၊ မနည်းပါ။ ရာသီဥတုကလည်း သင့်တင့် လျောက်ပတ်ပြီး၊ သယံဇာတပိုင်းမှာလည်း အမျိုးပေါင်းများစွာ အံ့ဩရလောက်အောင် ထွက်ရှိနေပါတယ်။
Acquired Advantage
ရယူပိုင်ဆိုင်ထားတဲ့ အခွင့်အလမ်း သာလွန်မှု ဖြစ်ပါတယ်။ Semiconductor ဆိုတဲ့ တစ်ပိုင်းလျှပ်ကူးထုတ်လုပ်မှုပိုင်းမှာ တစ်ချိန်ကဘာမှမဟုတ်ခဲ့တဲ့ Samsung ဟာတစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့မှုကြောင့် သည်နေ့ ကမ္ဘာ့ထိပ်ထန်း ထုတ်လုပ်သူ ဖြစ်လာခဲ့ပါတယ်။
အဲဒီမှာ
-ထုတ်ကုန်ဆိုင်ရာ နည်းပညာ
-ထုတ်လုပ်မှုဆိုင်ရာ နည်းပညာတွေ ပါဝင်ပါတယ်။ အဲဒီ ရယူပိုင်ဆိုင်တဲ့ အခွင့်အလမ်း သာလွန်မှုဆိုတာလည်း တစ်နှစ်၊ နှစ်နှစ်နဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံ နှစ်ပေါင်း

ဆယ်ပေါင်းများစွာ ကြာတတ်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်တော်များများဟာ အဲဒီအပိုင်းကိုတော့ တော်တော်လေး ခေါင်းထဲထည့်ထားတတ်လာကြပါပြီ။ အထူးသဖြင့် Natural Advantage မရှိတဲ့ နိုင်ငံတွေဟာ Acquired Advantage ဟာ သူတို့အတွက် မရှိမဖြစ်ဆိုတာ သိလာကြလို့ပါပဲ။ နောက်ပိုင်းမှာ နည်းပညာသာလွန်မှုဟာ စီးပွားရေး၊ လူမှုရေး၊ အထူးသဖြင့် နိုင်ငံရေးတွေမှာပါ ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်စေနိုင်တာကို ကောင်းကောင်း သဘောပေါက်လာကြပြီ ဖြစ်ပါတယ်။

Comparative Advantage
နှိုင်းရသာလွန်မှု ဖြစ်ပါတယ်။ တစ်ချိန်က တိုင်းပြည်တစ်ပြည် ချမ်းသာတယ်ဆိုရာမှာ သယံဇာတ ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ် နှိုင်းယှဉ်ခဲ့တာမျိုး ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သယံဇာတ မထွက်တဲ့နိုင်ငံတွေ၊ နည်းပညာ အကဲသာမှုနဲ့ ချမ်းသာလာတာတွေ့ကြပြီး အဲဒီ အယူအဆ မှေးမှိန်သွားပါတယ်။ သယံဇာတဆိုတာပွားလာတာမျိုး မရှိပါဘူး။ ထုတ်ရင်း၊ သုံးစွဲရင်း ကုန်သွားပြီး ဆင်းရဲသွားနိုင်ပါတယ်၊ နည်းပညာကသာ ပိုမိုတိုးတက်အောင် ကြံဆောင်ရင်း အကဲသာမှုကို ရယူသွားနိုင်တဲ့အရာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း ရေနံထွက်နိုင်ငံတွေ နောက် နှစ်ပေါင်း ၃၀ လောက်ဆိုရင် ရေနံတွေ ကုန်သလောက် ရှိသွားနိုင်ပါတယ်။ အဲဒီအခါမှာ Comparative Advantage ဆိုတာ သူတို့အတွက် စာရွက်ပေါ်မှာပဲ ရှိတော့တဲ့အရာ ဖြစ်လာပါလိမ့်မယ်။
David Ricardo
ဒေးဗစ်ရီကာဒိုဟာလည်း ထင်ရှား၊ ဩဇာကြီးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူ့ အယူအဆကလည်း အရေးသာမှုမရတဲ့ ထုတ်လုပ်မှုတွေကို စွန့်လွှတ်ပြီး ကိုယ်အားသာတဲ့
ထုတ်လုပ်မှုတွေမှာ ပိုပြီး စူးစိုက်သင့်တယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။နိုင်ငံတစ်ခုဟာ ကုန်ပစ္စည်းတစ်ခုကို စွမ်းရည်ကောင်းစွာနဲ့ ထုတ်လုပ်နိုင်ရင်တောင်မှ တခြား နိုင်ငံတစ်ခုက အဲဒီပစ္စည်းကိုပဲ စွမ်းရည်အကောင်းဆုံးနဲ့ ထုတ်လုပ်နိုင်မယ်ဆိုရင် စွမ်းရည်အကောင်းဆုံးနဲ့ ထုတ်လုပ်နိုင်သူက ဆက်လက်ဆောင်ရွက်သင့်တယ်လို့ သူက ဆိုပါတယ်။သူ့ရဲ့ အယူအဆကို ဘောဂဗေဒပညာရှင်တွေက လက်ခံကြပါတယ်။ သည် သီအိုရီဟာ လွတ်လပ်တဲ့ ကုန်သွယ်မှုအပေါ် အတော်ကလေး ဩဇာကြီးခဲ့ပါတယ်။
အကန့်အသတ်များ
အယူအဆအပေါ် ကျင့်သုံးရာမှာ ကန့်သတ်ချက်များ ရှိလာပါတယ်။ Absolute Advantage နဲ့ Comparative Advantage အယူအဆ နှစ်ရပ်လုံးဟာ အောက်ပါအချက်များပေါ်မှာမူတည်ပြီး အကျိုးဖြစ်ထွန်းမှု ကွဲပြား
လာကြပါတယ်။

• ပြည့်စုံသောလုပ်သားရရှိမှု
• စီးပွားရေးရည်မှန်းချက်နှင့်စွမ်းရည်
• အကျိုးအမြတ်ဖြစ်ထွန်းမှု
• နှစ်နိုင်ငံ ကုန်ပစ္စည်းနှစ်မျိုး ဖြစ်လာလျှင်
• သယ်ယူပို့ဆောင်ရေးစရိတ်များ
• ထုတ်လုပ်မှုပမာဏနှင့် စီးပွားရေး အရွယ်ပမာဏ
စင်ကာပူနိုင်ငံဟာ City State (မြို့ပြနိုင်ငံ) တစ်ခုမျှသာ ဖြစ်ပါတယ်။ နည်းပညာ ပိုင်ဆိုင်ထားပြီး၊ Knowledge Society ဆိုတဲ့ ပညာအခြေခံ လူမှုအဖွဲ့အစည်းဖြစ်တဲ့

အတွက်ကြောင့် သူ့နိုင်ငံမှာရှိတဲ့ မြေလွတ်တွေမှာ စိုက်ပျိုးရေးကိုအခြေခံတဲ့ စီးပွားရေးထက် နည်းပညာ အခြေခံစီးပွားရေး အဆောက်အဦကို တည်ထောင်ခြင်းက ပိုပြီး အကျိုးရှိစေမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့လုပ်သားအင်အားစု ကိုလည်း အခြားနိုင်ငံတွေက ခေါ်ယူအသုံးပြုသွားတာ တွေ့နိုင်ပါတယ်။
Factor-Proportion
အဲဒီအယူအဆဟာ အကြောင်းခြင်းရာ၊ အချက်အလက်တွေနဲ့ အချိုးအစားပေါ်မှာလည်း မူတည်သေးတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ပြောချင်တာက မြန်မာပြည်လို စိုက်ပျိုးမြေပေါများပြီး နည်းပညာ မတိုးတက် သေးတဲ့ နိုင်ငံမျိုးအနေနဲ့ စိုက်ပျိုးရေးအခြေခံ ထုတ်လုပ်မှုဟာ အခွင့်သာမှုတစ်ရပ်ကို ပိုပြီးအားပေးတယ်ဆိုတာမျိုး ဖြစ်ပါတယ်။ စင်ကာပူလို နိုင်ငံမျိုးကျတော့ မြေလွတ်နည်းပြီး၊ နည်းပညာ ပိုင်ဆိုင်ထားတဲ့အတွက် စက်ရုံ တည်ထောင်ကာ နည်းပညာ အခြေခံစီးပွားရေးလုပ်တာက ပိုပြီး အခွင့်အလမ်းတစ်ရပ် ဖြစ်စေတယ်ဆိုတာမျိုးပါ။
မြေ၊ လုပ်သား ဆက်နွှယ်မှု
နိုင်ငံတစ်ခုနဲ့တစ်ခု မတူနိုင်ပါဘူး၊ တချို့နိုင်ငံတွေက မြေပေါ၊ လုပ်အားခဈေးချိုတဲ့ နေရာတွေရှိသလို၊ တချို့နိုင်ငံတွေက မြေနည်း၊ လုပ်အားခ ဈေးကြီးတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ မြေယာတန်ဖိုးနဲ့ နည်းပညာက ဘယ်လိုလုပ်ငန်းမျိုး လုပ်ကိုင်သင့်တယ်ဆိုတာကို ယေဘုယျအားဖြင့် ဦးဆောင်လေ့ရှိပါတယ်။ တရုတ်နဲ့အိန္ဒိယတောင် မတူပါဘူး။ မြေယာဈေးနှုန်းခြင်းမကွာခြားဘူးပဲထားဦး၊ နည်းပညာရယူနိုင်မှုပေါ်မှာ ကွာခြားပါသေးတယ်။ တရုတ်ရဲ့နည်းပညာက စက်ရုံအလုပ်ရုံထောင်ပြီး ထုတ်လုပ်မှုအဆင့်မျိုးဖြစ်ပြီး အိန္ဒိယက Cell Center တို့ IT တို့ကို အခြေခံပြီး ၀န်ဆောင်မှု၊ အဆင့်မြင့်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်တဲ့အဆင့်မျိုး ဖြစ်ပါတယ်။

လုပ်သား-အရင်းအနှီးဆက်သွယ်မှု
နိုင်ငံများမှာ လုပ်သားနှင့် အရင်းအနှီး ဆက်သွယ်မှုရှိနေပါတယ်။ လုပ်အားဆိုတာကိုက အရင်းအနှီးတစ်ခုဖြစ်တယ်၊ ထုတ်လုပ်ရေးဆောင်ရွက်ရာမှာ တချို့လုပ်သားတွေက ကျွမ်းကျင်မှု နည်းပါးကြတာကို တွေ့နိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုက ပညာမြင့်တဲ့နိုင်ငံ၊ ပညာနိမ့်တဲ့နိုင်ငံတွေမှာလည်း လုပ်သားတွေရဲ့လုပ်အားကို အသုံးပြုရာမှာ အကွာအခြားတွေ ကြီးကြီးမားမား ရှိနေနိုင်ကြတာ တွေ့ရပါဦးမယ်။ တစ်ချိန်က တိုးတက်မှု မတိမ်းမယိမ်းဖြစ်ခဲ့တဲ့ အိန္ဒိယက IT အတွက် အလုပ်လုပ်ပေးနေတဲ့ လုပ်သားတစ်ဦးရဲ့လစာဟာ လယ်ယာကဏ္ဍမှာ အလုပ်လုပ်နေတဲ့ လုပ်သားတစ်ဦးရဲ့လစာထက် အများကြီး ပိုများသွားပါတယ်။
နိုင်ငံတစ်ခုဟာ သူ့နိုင်ငံက လုပ်သားတွေကို ပညာရေး ဘယ်လောက်မြှင့်တင်ပေးနိုင်သလဲ၊ လေ့ကျင့်ရေး၊ မွမ်းမံသင်တန်းတွေ ဘယ်လောက်အထိ စီစဉ်ပေးနိုင်သလဲဆိုတဲ့ပေါ်မှာလည်း မူတည်ပါသေးတယ်။ အိန္ဒိယရဲ့ ဆီလီကွန်တောင်ကြားကို သူ့အစိုးရက နှစ်ရှည်စီမံကိန်း ရေးဆွဲပြီး အသေအချာ ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက်ကြောင့် သည်နေ့ အဲဒီနေရာမှာ ဒေါ်လာ ဘီလီယံသန်းပေါင်းများစွာကို ပြန်ရှာပေးနေတဲ့နေရာ ဖြစ်လာခဲ့ပါပြီ။
နည်းပညာအကဲသာလွန်မှု
ထုတ်ကုန်ပစ္စည်းတစ်ခုတည်းကိုပဲ ကွဲပြားတဲ့ နည်းပညာတွေနဲ့ ထုတ်လုပ်နိုင်ကြပါပြီ။ နည်းပညာ ရှာဖွေဖော်ထုတ်နိုင်မှုကလည်း သည်နေ့ ခေတ်မီအံ့မခန်း ဖြစ်နေပါတယ်။ တစ်ချိန်တုန်းက ဂျပန်က Casio ဒီဂျစ်တယ် ကင်မရာတွေကို မြန်မာပြည် တစ်ဦးတည်း ကိုယ်စားလှယ်အနေနဲ့ ဖြန့်ချိရာမှာ ၂.၀ mega pixel ကို ဒေါ်လာ ၄၀၀ လောက်နဲ့ သွင်းခဲ့ရတာ မှတ်မိပါသေးတယ်။
နောက်ပိုင်း နည်းပညာတွေ ပိုမြင့်လာပြီး ထုတ်လုပ်မှုနည်းစဉ်တွေလည်း တိုးတက်လာကြတော့ အခု Samsung 8.1 mega pixel ကိုတင် မြန်မာငွေ တစ်သိန်းအောက်နဲ့ ၀ယ်နိုင်နေပါပြီ။ ဒေါ်လာ ၁၀၀ တောင် မပေးရတော့တဲ့သဘောပါ။ သည်နေ့ခေတ်သစ်မှာ နည်းပညာ အကဲသာလွန်မှုဟာ အတော်ကလေး ရှေ့တန်းရောက်လာပါတယ်။ စီးပွားရေးကဏ္ဍမှာ တော်တော်များများကို ဦးဆောင်ပါတယ်။ ဆေးဘက်၊ စစ်ဘက်ကဏ္ဍတွေမှာလည်း အဓိကနေရာက ပါဝင်နေပါတယ်။
Raymond Venon
ရေမွန်ဗာနွန်က သူ့အယူအဆတစ်ခုကို တင်ပြခဲ့ပါတယ်။ ထုတ်လုပ်မှုတစ်ခုဟာ အခြေအနေ အကြောင်းတစ်ရပ်ပေါ်မှာမူတည်ပြီး နိုင်ငံတစ်ခုကနေတစ်ခုဆီကိုပြောင်းရွှေ့ သွားတယ်ဆိုတဲ့ အယူအဆပါ။ အဲဒီပစ္စည်းရဲ့ Life Cycle ဆိုတဲ့ သက်တမ်းအောင်မြင်မှုပေါ်မှာ မူတည်ပါသတဲ့။
ပထမအဆင့်မှာ-
သည်အဆင့်မှာ ကုန်ပစ္စည်းထုတ်လုပ်မှု မိတ်ဆက်ကာလ ဖြစ်ပါတယ်။ (Introduction) အပိုင်းပါ။ ကုန်ပစ္စည်းတစ်ခုအတွက် တီထွင်မှု (Innovation)၊ ထုတ်လုပ်မှု (Production) နဲ့ ရောင်းချမှု (Sales) တွေဟာ တစ်နိုင်ငံထဲမှာ ဖြစ်တည်ရှိပါတယ်။ နောက်တော့ အိမ်နီးနားချင်း နိုင်ငံတွေကို ဈေးကွက်ရှာဖွေရင်းနဲ့ ဖြန့်ကျက်နိုင်လာပါမယ်။
နောက်တစ်ချက်က ပစ္စည်းထုတ်လုပ်တဲ့နေရာ၊ အသုံးပြုတဲ့ နည်းပညာတွေရဲ့ အရေးပါမှုအပိုင်း ဖြစ်ပါတယ်။ သည် အပိုင်းမှာ အသုံးပြုတဲ့ နည်းပညာဟာ အတော်ကလေး အရေးပါလာပါတယ်။ နည်းပညာတွေကို ပိုမိုကောင်းမွန်အောင် တီထွင်ကြံဆနိုင်မှုဟာ နိုင်ငံတကာစီးပွားရေးနဲ့ ကုန်သွယ်ရေးမှာ အရွှေ့အပြောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ အရင်က နည်းပညာပိုင်းမှာ ဦးဆောင်သူဖြစ်ခဲ့တဲ့ အမေရိကန်မှာသာ Micro Chip တွေကို ထုတ်လုပ်ခဲ့ပါတယ်။ အခု တောင်ကိုရီးယား၊ တရုတ် (တိုင်ပေ) ဟောင်ကောင်တို့က ပိုပြီး ဈေးနှုန်းချိုသာ၊ ပိုစွမ်းရည်မြင့်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်လာနိုင်လို့ ကုန်ပစ္စည်းထုတ်လုပ်မှု တည်နေရာတွေက အဲဒီနိုင်ငံတွေဆီ ပြောင်းရွှေ့သွားခဲ့ပါပြီ။
နောက်တစ်ပိုင်းက ပြင်ပပို့ကုန် (Export) နဲ့ လုပ်သား (Labor) အပိုင်း ဖြစ်ပါတယ်။ ပထမတော့ ထုတ်လုပ်မှုရဲ့အပိုင်းအနည်းငယ်ကို ပြည်ပပို့ကုန်အဖြစ်စပြီးပို့ကြပါတယ်။ ထုတ်လုပ်မှုနည်းစဉ် တိုးတက်အောင် လုပ်လာနိုင်တာရယ်၊ လုပ်သားခဈေးနှုန်း သက်သာတာရယ်၊ ဈေးကွက် ကျယ်ပြန့်လာတာရယ်တွေကြောင့် ထုတ်လုပ်မှုကို အများအပြား လုပ်ကိုင်လာပြီး ပြည်ပပို့ကုန်ကို ပမာဏခပ်ကြီးကြီး လုပ်လာနိုင်ကြပါတော့တယ်။
တရုတ် (တိုင်ပေ)၊ ဟောင်ကောင်စတဲ့ နိုင်ငံတွေဟာ အရင်က အိမ်တွင်းစက်မှုလုပ်ငန်း အဆင့်ကနေ စလာခဲ့ကြရာက နောက်ပိုင်း နည်းပညာတိုးတက်မှု၊ ဈေးကွက် ကျယ်ပြန့်လာမှုနဲ့ အရည်အသွေး စိတ်ချလာမှုတွေကြောင့် အခုဆိုရင် အမြောက်အမြား ထုတ်လုပ်နိုင်တဲ့ စက်ကြီးတွေ အသုံးပြုပြီး ပြည်ပဈေးကွက်ကို အဓိက ပံ့ပိုးပေးရာ ကုန်ပစ္စည်း ထုတ်လုပ်တဲ့ နိုင်ငံတွေ ဖြစ်လာခဲ့ကြပါပြီ။ တရုတ်ဆိုရင်လည်း အဲဒီ လမ်းစဉ်ကို တစ်သဝေမတိမ်း လိုက်နိုင်ခဲ့ပါပြီ။ အဲဒီသဘောနဲ့ နိုင်ငံတွေ ရွေ့လျား ပြောင်းလဲလာ ကြပြီး စက်မှုတိုးတက်တဲ့နိုင်ငံတွေ ဖြစ်လာခဲ့တာနဲ့အတူ နိုင်ငံတကာစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်မှုကို ပိုပြီး ဖွံ့ဖြိုးလာစေခဲ့ပါတယ်။

ဒုတိယအဆင့်မှာ-
သည်အဆင့်က ကုန်ပစ္စည်းထုတ်လုပ်မှု၊ ရောင်းချမှုတွေ တိုးတက်လာတဲ့အပိုင်း ဖြစ်ပါတယ်။ Growth ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ပြည်ပပို့ကုန်ပမာဏ တိုးတက်လာပါတယ်။ ကုန်ပစ္စည်းထုတ်တဲ့ နိုင်ငံတွေကလည်း တီထွင်ဆန်းသစ်ကြရင်း ဖွံ့ဖြိုးလာခဲ့ကြတယ်။ ယှဉ်ပြိုင်မှုများလာတဲ့အချိန်လည်း ဖြစ်တယ်၊ အရင်းအနှီး (ငွေ၊ လူ၊ နည်းပညာ) တွေ အကြီးအကျယ် ပုံအောကြရတဲ့ အချိန်လည်းဖြစ်တယ်၊ ထုတ်လုပ်မှု နည်းစဉ်တွေကိုလည်း အချိန်နဲ့အမျှ ဆန်းသစ်နေကြရပါတယ်၊ တိုးတက်မှုနှုန်းကျမသွားအောင် ထိန်းသိမ်းရင်း အပြိုင်အဆိုင်ကိုလည်း တစ်ဖက်မှာ ရင်ဆိုင်နေရတဲ့ကာလပါ။
တတိယအဆင့်မှာ-
Maturity ဆိုတဲ့ ရင့်ကျက်ကာလကို ရောက်တဲ့အချိန်ဖြစ်ပါတယ်၊ သည်အချိန်ရောက်ပြီးရင် ပြန်ကျတတ်တာမို့ ထုတ်လုပ်သူတွေ မျက်ကလဲဆန်ပြာ ဖြစ်ရတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဥပမာ အရင်ပုံစံ TV အခုံးတွေ ရောင်းအားကျလာပြီး Flat TV တွေ အစားထိုးဝင်ရောက်လာပါပြီ၊ ဖလင်ထည့်သုံးတဲ့ ကင်မရာတွေ အမြင့်ဆုံး ရောင်းခဲ့ရတဲ့ အချိန်ကိုရောက်ပြီး၊ အခု ဒီဂျစ်တယ် ကင်မရာတွေက အစားထိုးဝင်ရောက်သွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်တွေ အားလုံးဟာ ကုန်ပစ္စည်းတစ်ခုရဲ့ Maturity State မှာ ဖြစ်ကြရတဲ့ သဘောတွေချည်းပါပဲ။
အဲဒီအဆင့် နည်းနည်းကျော်သွားတာနဲ့ ကုန်ပစ္စည်းထုတ်လုပ်မှု ကျဆင်းလာပါတယ်၊ ပြည်ပပို့ကုန်လည်း ကျဆင်းလာပါတယ်။ စံနှုန်းသစ်တွေ ချမှတ်လာရပါတယ်၊ အရင်းအနှီးပိုပြီး အားပြိုင်လာကြရပါတယ်။ ဈေးနှုန်းတွေလျော့ချပြီး ယှဉ်ပြိုင်ကြရပါတယ်။ တကယ်လို့ ကုန်ပစ္စည်းတစ်ခုဟာ ဈေးကွက်ရှိနေဦးမယ်ဆိုရင်တော့ ဈေးနှုန်းချင်းယှဉ်ပြိုင်နိုင်ဖို့ အခြား လုပ်အားခချိုသာတဲ့ နိုင်ငံတစ်ခုမှာဆက်ပြီး ထုတ်လုပ်ရေးကို ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် Emerging Countries ဆိုတဲ့ ထွန်းသစ်စနိုင်ငံတွေမှာ ထုတ်လုပ်လေ့ ရှိပါတယ်၊ သည်နေ့ခေတ်စားတဲ့ Out Sourcing ဆိုတာ အဲသလို တခြားနိုင်ငံတစ်ခုမှာ ကုန်ပစ္စည်း သွားထုတ်တာမျိုးပါ။
စတုတ္ထအဆင့်-

ပြန်လည်ကျဆင်းတဲ့အဆင့် ဖြစ်ပါတယ်။ ထွန်းသစ်စနိုင်ငံတွေမှာ ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်ရင်း အဲဒီနိုင်ငံတွေရဲ့ နိုင်ငံတကာကုန်သွယ်မှုကို တိုးတက်စေပါတယ်။ မိခင်နိုင်ငံမှာ ကုန်ထုတ်လုပ်မှုစရိတ် ကြီးတဲ့အတွက်ကြောင့် အမြတ်ခွဲဝေခံစားရင်း နိုင်ငံတကာစီးပွားရေးနဲ့ ကုန်သွယ်မှုကို ထောက်ပံ့ပါတယ်။
ပြောရရင် နိုင်ငံတကာစီးပွားရေးနဲ့ ကုန်သွယ်ရေးမှ တစ်သမတ်တည်းမရှိဘဲ နိုင်ငံတွေအချင်းချင်း ရေစီးသလို ကူးပြောင်းသွားတတ်တာမျိုး တွေ့ရမှာဖြစ်ပါတယ်။ အရင်တုန်းက အမေရိကန်ရဲ့ ဒက်ထရွိုက်မြို့ဟာ ကမ္ဘာ့မော်တော်ကား အကြီးကျယ်ဆုံးထုတ်လုပ်ရာမြို့လို့ ထင်ရှားပါတယ်။ နောက်ပိုင်း အပြိုင်အဆိုင်တွေ များလာတာရယ်၊ ဒက်ထရွိုက်လည်း တိုးတက်သွားပြီး လုပ်အားခတွေ မြင့်မားလာတာရယ်ကြောင့် အခုဆိုရင် အမေရိကန်ရဲ့ မော်တော်ကား ထုတ်လုပ်မှုကို တခြား လုပ်အားခချိုသာတဲ့ နိုင်ငံတွေမှာ ထုတ်လုပ်နေရပါတယ်။ နောက်ပိုင်း တက်လာတဲ့ Toyota လည်း သည်နည်းကို ကျင့်သုံးပါတယ်။ Toyota ကားကို အမေရိကန်ဈေးကွက်အတွက် ဂျပန်ကပို့ရင် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တဲ့အတွက်ကြောင့် အမေရိကန်မှာပဲ ထုတ်တာမျိုးပါ။ အဲဒီပုံစံကိုကြည့်ရင် နိုင်ငံတကာ စီးပွားရေးနဲ့ ကုန်သွယ်ရေး အပြောင်းအလဲကို မြင်လာနိုင်ပါတယ်။
အကန့်အသတ်တွေရှိတယ်
နေရာတိုင်းမှာ အကန့်အသတ်တွေဆိုတာ ရှိစမြဲပါ။ ဥပမာ-သယ်ယူပို့ဆောင်ရေးစရိတ် ဖြစ်ပါတယ်။ ဈေးကွက်ကို ဒေသအလိုက် ပိုင်းခြားသတ်မှတ်ကြပြီး နောက်ပိုင်း ပို့ဆောင်ရေးစရိတ်ကို လျော့ချတဲ့အနေနဲ့ ဒေသတစ်ခုကို အလွယ်တကူ ဖြန့်ကျက်နိုင်မယ့်နေရာမျိုးမှာ ပစ္စည်းထုတ်၊ ကုန်သွယ်ရေးလုပ်တဲ့ စနစ်မျိုး ကျယ်ပြန့်လာပါတယ်။ နောက်တစ်ခုက ထုတ်လုပ်မှုပိုင်းတစ်ခုမှာ ပြင်ဆင်ပြောင်းလဲစရာမလိုတဲ့ ကုန်ပစ္စည်းတွေကို ဆက်တိုက် ထုတ်လုပ်ခြင်းအားဖြင့် ထုတ်လုပ်မှုစရိတ်ကို လျော့ချရတာ ဖြစ်ပါတယ်။ MNE Multinational Enterprise နိုင်ငံစုံလုပ်ငန်းကြီးတွေက အသစ် အသစ်သော ကုန်ပစ္စည်းများကို မိတ်ဆက်ထုတ်လုပ်ရင်း စားသုံးသူတွေကို ဆွဲဆောင်ကြရပါတယ်။
ခေတ်သစ်မှာ အခြေခံသဘောတရား အချို့သည် နိုင်ငံရေးပုံဖော်မှု တစ်စိတ်တစ်ပိုင်းကို လက်ခံလာကြသည်များ ရှိလာကြပြီဖြစ်ပါတယ်။
ဒေါက်တာနေဇင်လတ်
ecovisionjournal ဂျာနယ်မှ





သတိရတယ် တစ်နယ်စီခြားတဲ့သူငယ်ချင်းတွေ

2 11 2009

(E2batch6 သူငယ်ချင်းများအားလုံးကို သတိရပြီး လွမ်းလို့ အမှတ်တရ )

တက်ခဲ့ကြတဲ့ အတန်းမှာ
ပြောခဲ့ကြတဲ့ စကားတွေ
ဆိုခဲ့ဖူးတဲ့ သီချင်းတွေ
ကျောင်းလည်း ပိတ်လို့ 
တစ်နယ်စီဝေးကွာ နယ်မြေတွေခြားနေပေမယ့်
ဖြူစင်တဲ့ သူငယ်ချင်းတွေကို
သတိရလွမ်းဆွတ်မိတယ်ကွယ် ……..

AM





Our E002/8 Community Blog

26 10 2009

We are form Myanmar Egress.





ကြွပ်ကြွပ်အိတ် သုံးသင့် မသုံးသင့်

27 07 2009

ကြွပ်ကြွပ်အိတ် သုံးသင့် မသုံးသင့်
ကြွပ်ကြွပ်အိတ် သုံးစွဲမှုကို သိပ်မကြာခင် ရန်ကုန်မှာ တားမြစ်မည်ဟု သတင်းတွေကြားနေရသည်။ ရန်ကုန်မှ မဟုတ်တဲ့ မန္တလေးတို့  မကွေးတို့ ကတော့ ပျော်နေမလားမသိ။
ပြောလို့ မရဘူး ပေါလစီတွေက ကူးတက်တယ်… ကျွန်မလည်း ဘာပြောရမှန်းမသိအောင်ကို ဖြစ်သွားပါတယ်။

ကြွပ်ကြွပ်အိတ် ကို သုံးသင့် မသုံးသင့်တာတွေကို ရေးဖို့  အတော်အားယူလိုက်ပါတယ်။ အမှန်က ဒီစာတွေကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းသူတွေ Ecology ရေးရင် ပိုသာလွန်ပြည့်စုံကောင်းမွန်ပါလိမ့်မယ် ယူဆပါတယ်။ သူတို့ ကြွပ်ကြွပ်အိတ်အပေါ်ရေးရင် သဘာဝပတ်ဝန်းကျင် အတွက် အစိုးရိမ်လွန်တာတွေပါ ပါနိုင်တော့သည်။
ကျွန်မက စိတ်ဝင်စားသူ လေ့လာသူ သက်သက်သာ။ သို့ ပေမယ် ကျွန်မ သိသလောက် ရေးဖို့ ကျွန်မကြိုးစားကြည့်သည်ပဲ…

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ စာတွေ အတော်ဖတ်ထားပြီး Alcore ရဲ Inconvenient Truths DVD အခွေကို ကြည့်ပြီးပါကလည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ စိတ်ပါဝင်စားလာသူတွေက နားလည်ကြပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ လူသားအားလုံးက တာဝန်ရှိတာ မလွဲပါ။ ခက်တာက အားလုံးမလုပ်နိုင်တဲ့ ကိစ္စတွေကြောင့်ပါ။

ဖြစ်နိုင်ပါ့မလား မေးသူတွေက ကြွပ်ကြွပ်အိတ် သုံးရတာ အရမ်းလွယ်ကူပြီး ပေါ့ပါးသည်။ ရေစိုခံသည်။ စက္ကူအိတ် ပြောင်းသုံးရင် အဲလောက် အကြမ်းမခံ၊ ကိုယ်ပိုင် ပိတ်အိတ်လေးတွေ သုံးရင်ကော လျှော်ရဖွတ်ရ အလွန်ခက်တဲ့ အခြေအနေတွေပါ ကြုံသွားသည်။ No Plastic Bag ဆိုပြီး အဖြူရောင် ပိတ်အိတ်လေးတွေ လွယ်တက်တဲ့ သူတွေကို ရန်ကုန်မှာ မကြာခဏ ကျွန်မမြင်ဖူးပါတယ်။ သူတို့ လေးတွေကတော့ ပလက်စတစ်လျော့ ချဖို့ စိတ်အားထက်သန်သူများပေါ့။ သဘာဝပတ်ဝန်းကျင် ချစ်သူများလို့ လည်း ယူဆလို့ ရပါတယ်။ နိုင်ငံရေးသမားတွေ မဟုတ်ပါဘူး။
ခက်တာက အဲသည့်လွယ်အိတ်တွေ သူတို့ ဘယ်ကရပြီး ဘယ်လိုဝယ်တာလဲ ဆိုတာ ကျွန်မ အခုထက်ထိ မရှင်းသေးပါ။

ဟိုတလောက MRTV 4 မှာ ကြွပ်ကြွပ်အိတ် သုံးတဲ့အန္တရယ်အကျိုးဆက်များကို သီးခြားတင်ပြသွားတဲ့ အစီအစဉ် ကြည့်လိုက်ရပါတယ်။ တကယ်လည်း ပညာပေးတဲ့အစီအစဉ်ပါ….သိပ်ကောင်းပါတယ်။ တကယ်လည်း ကြွပ်ကြွပ်အိတ်တွေကို သုံးတာ ကျန်းမာရေးရူ့ ထောင့်က ကြည့်ရင်လည်း မကောင်းပါ။
မုန့် ဟင်းခါး ပူပူနွေးနွေးလေးကို ကြွပ်ကြွပ်အိတ် လေးနဲ့ ဆိုင်တွေက ထည့်ပေးရင် ကျွန်မတို့ က တစ်အိတ်ထဲမရလို့ နှစ်အိတ်ထပ်တောင်းတာတွေက ဟိုးအဝေးကြီးက သဘာဝ ပတ်ဝန်းကျင်ခဏထား၊ လတ်တလော ကြွပ်ကြွပ်အိတ် ရဲ့ ပလက်စတစ်တွေမှာပါတဲ့ Chemical တွေက အစားအစာ ပူပူလောင်လောင်တွေနဲ့ ထိတွေ့ ပါက ကျန်းမာရေးအရ ရူ့ ထောင့်က ထိခိုက်နိုင်ကြောင်း သိပြီးသားတွေပါ။
ဒါပေမယ့် လက်တွေ့ မှာ သိပေမယ့် မလုပ်နိုင်ကြသေးပါဘူး။ ကျွန်မဆိုလည်း ချိုင့်ဆွဲပြီး မုန့် ဟင်းခါးထွက်ဝယ်မှာထက် ဆိုင်ကပေးတဲ့ ပေါ့ပေါ့ပါးပါး ကြွပ်ကြွပ်အိတ်ပဲ ဆွဲပြီး အလွယ် ယူလာချင်သူမို့ ပါ။

ကြွပ်ကြွပ်အိတ် ကို S W O T လုပ်ကြည့်မှ ဒီအဖြေတွေက ပေါ်လာနိုင်မယ် ကိုယ့်ဟာကိုယ် ယူဆပါတယ်။

1. S က Strength- ကြွပ်ကြွပ်အိတ် သုံးစွဲခြင်းအတွက် အားသာချက်
2. W က Weakness ကြွပ်ကြွပ်အိတ် သုံးစွဲခြင်းအတွက် အားနည်းချက်
3. O ကOpportunity ကြွပ်ကြွပ်အိတ် သုံးစွဲခြင်းအတွက် အခွင့်အလန်း (Uncontrolable )
4.T က Threat ကြွပ်ကြွပ်အိတ် သုံးစွဲခြင်းအတွက် ခြိမ်းခြောက်မှုဆိုင်ရာ (Uncontrolable )

1. S က Strength- ကြွပ်ကြွပ်အိတ် သုံးစွဲခြင်းအတွက် အားသာချက် ဘက်က ကြည့်ရင်-

ကျွန်မတို့ ဝယ်သုံးသူတွေ စားသုံးသူတွေဘက်က ကြည့်ရင် ကြွပ်ကြွပ်အိတ် တွေဟာ သုံးရလွယ်ကူတယ်၊ ပေါ့ပါးတယ်၊ ထိုက်သင့်သလောက် အထူအပါးပေါ်မူတည်ပြီး ခိုင်ခန့် တယ်၊ ရေစိုခံတယ်။ သယ်ရလွယ်ကူတယ်..အမှိုက်ထည့်ရာမှာ အမှိုက်အိတ်ကို ကြွပ်ကြွပ်အိတ် နဲ့ သုံးတာ ပိုကောင်းပါတယ်။ အမှိုက်ပုံးရှိပေမယ့် အမှိုက်ပစ်ရာမှ ကြွပ်ကြွပ်အိတ်နဲ့ ပဲအလွယ်တကူ ပစ်နိုင်တာမို့ ပါ။…..ကောင်းတာတွေ..ရှိသေးမယ် အများကြီးရှိပါတယ်။

2. W က Weakness ကြွပ်ကြွပ်အိတ် သုံးစွဲခြင်းအတွက် အားနည်းချက် ကတော့
တစ်ဦးတစ်ယောက်ချင်းသုံးရင်ပဲဖြစ်ဖြစ် အထက်မှာဖော်ပြထားတဲ့ ကြွပ်ကြွပ်အိတ်နဲ့ ထည့်ထားတဲ့ ပူပူနွေးနွေးအစားအစာတွေ မှာဆို ကျန်းမာရေးအရ မညီညွှတ်တာ တွေ့ ရမှာပါ။ ကြွပ်ကြွပ်အိတ် ဟာ အဲလို အစားအစာတွေမှာဖြစ်ဖြစ် သားငါးတွေထုတ်ပိုးပြီးရင် ပြန်သုံးဖို့ ခက်ခဲတဲ့အတွက် တစ်ခါသုံးဖြစ်တာ များပါတယ် (တစ်ချို့ သန့် သန့် လေးတွေ ထည့်ထားတဲ့ အိတ်တွေသာ ပြန်ခေါက်ပြီးသုံးလို့ ရတာပါ။)
ကြွပ်ကြွပ်အိတ်တွေဟာ Recycle ပြန်လုပ်လို့ ရတာ မှန်ပေမယ့်
ကြွပ်ကြွပ်အိတ်က စုတ်ပြဲသွားရင်သာ စုတ်ပြတ်သွားတာ.စက္ကူတွေလို မြေဆီလွှာပြန်မဖြစ်ဘူး .မြေကြီးပေါ်မှာ ကြွပ်ကြွပ်အိတ် အစုတ်အပြတ်တွေကို .ဒီအတိုင်းတွေ့ မြင်နေရတာဟာ Chemical ဖြစ်တဲ့အတွက် မြေဆီလွှာပေါ်ရောက်သွားရင်တောင် ဒြပ်မပြုနိုင်လို့ ပါ။ လုံးဝကြွပ်ကြွပ်အိတ်တွေကို ဖျက်ဆီးပစ်နိုင်ဖို့ နည်းလမ်းတွေ ရှိပါတယ် ။ မရှိဘူးမဟုတ်ပါ။ အက်ဆစ်ထဲထည့်လိုက်တာမျိုးလို ထင်ပါတယ်။ ဒါပေမယ့် ဒီလောက်လူတွေသုံးထားတဲ့ ကြွပ်ကြွပ်အိတ်တွေကို ဖျက်ဆီးပစ်နိုင်ဖို့ ငွေကြေးက မူရင်း ကြွပ်ကြွပ်အိတ်တန်ဖိုးထက် စရိတ်ကြီးတယ်လို့ သိရှိရပါတယ်။

3. O ကOpportunity ကြွပ်ကြွပ်အိတ် သုံးစွဲခြင်းအတွက် အခွင့်အလန်း (Uncontrolable )

ဒီ Opportunity က Strength နဲ့ တူသလိုလိုနဲ့ မတူတဲ့အချက်က Opportunity ဆိုတာ အပြင်ကနေ အခွင့်အလန်းတစ်ရပ်အနေနဲ့ လာတာပါ။ တစ်ဦးတစ်ယောက်ချင်းရယ် က ထိန်းချုပ်လို့ မရတဲ့အတွက် (Uncontrolable ) ဖြစ်နေရတာပါ။ အရင်က မြန်မာပြည်မှာ ဒီလို မျိုးကို ဥပဒေတွေနဲ့ ထိန်းချုပ်တာ လုံးဝ မရှိခဲ့တဲ့အတွက် ကြွပ်ကြွပ်အိတ်တွေ ဖောဖောသီသီ သုံးစွဲနိုင်ခဲ့တာ အခွင့်အလန်းဖြစ်လို့ နေပါတယ်။ အကယ်လို့ အခု ကြွပ်ကြွပ်အိတ် ရန်ကုန်မှာ မသုံးရလို့ ဥပဒေ ထုတ်ရင်တောင်မှ တခြား ပြည်နယ်နဲ့ တိုင်းများမှာ သုံးဖို့ အခွင့်အလန်း ရှိပါသေးတယ်။ အဲ့ဒီ့ကျရင် ရန်ကုန်က ပလက်စတစ် ကြွပ်ကြွပ်အိတ် ထုတ်လုပ်သူများဟာ တခြား ပြည်နယ်နဲ့ တိုင်းတွေကို ပြောင်းပြီး လုပ်ရင် လုပ်နေရလိမ့်မယ်။
တားမြစ်ရင်တောင်မှ ကြွပ်ကြွပ်အိတ် တွေဟာ ဈေးမြင့်သွားနိုင်တဲ့အတွက် စားသုံးသူတွေ ၀ယ်သုံးရခက်ပေမယ့် ထုတ်လုပ်သူတွေဟာ ဥပဒေအကြားမှာ ညှိုယူနိုင်သူဟာ သူဌေးဖြစ်ချင်ဖြစ်သွားနိုင်တယ်။
ဒါပေမယ့် ကြွပ်ကြွပ်အိတ် သုံးစွဲနိုင်ဖို့ အခွင့်အလန်းကတော့ နည်းသွားတော့မှာပါ။ လုပ်နေကြပြီဆိုတော့။ City Mart က ပလစ်စတစ်လျှော့သုံးနိုင်ဖို့ စီစဉ်နိုင်ခဲ့တဲ့ ပထမဆုံး Store ဖြစ်ပါတယ်။ လုံးဝ ကြွပ်ကြွပ်အိတ် မသုံးတာမျိုးနဲ့ လျှော့ချခဲ့တာမဟုတ်ပါဘူး။ သုံးဆဲပါ။နောက်ပိုင်းမှာ အင်းဝစာအုပ်တိုက်ကလည်း စာအုပ်တွေကို ကြွပ်ကြွပ်အိတ်နဲ့ မပေးပဲ စက္ကူအိတ်နဲ့ ပေးမယ် သိရပါတယ်။

4.T က Threat ကြွပ်ကြွပ်အိတ် သုံးစွဲခြင်းအတွက် ခြိမ်းခြောက်မှုဆိုင်ရာ (Uncontrolable )
အဓိက လူတစ်ဦးတစ်ယောက်ခြင်းက ထိန်းချုပ်လို့ မရတဲ့ ကျန်းမာရေးပြသာနာလည်း မဟုတ်ဘူး။ ကမ္ဘာနဲ့ ချီ စိန်ခေါ်နေတဲ့ နယ်နမိတ်မခြားပဲ ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝ ဘေးအန္တာရယ်ကြီးတွေကြောင့်ပါ။ အထင်ရှားဆုံးက ဆူနာမီ၊ နာဂစ် သဘာဝဘေးအန္တာရယ်တွေပါ။ နောက်ပိုင်း ရာသီဥတုတွေဟာ ရှေးနှစ်တွေထက် ပိုဆိုးမယ်လို့  သဘာဝပညာရှင်များက တွက်ချက်ကြပါတယ်။
ဒါတွေဟာ ကြွပ်ကြွပ်အိတ် လျှော့တာ မလျှော့တာနဲ့ ဘာဆိုင်လို့ လဲလို့ မေးခွန်း မေးကောင်း မေးပါလိမ့်မယ်။ ဒီနေ့ အစားမှားရင် ဒီနေ့ ဗိုက်အောင့်မယ့် ကိစ္စမဟုတ်ပေမယ့် ရေရှည် ကြွပ်ကြွပ်အိတ် သုံးစွဲသွားရင် ဖြေရှင်းလို့ မရနိုင်တဲ့ ကြွပ်ကြွပ်အိတ် အမှိုက်ပုံကိစ္စတွေ အစ ဆက်ဖြစ်သွားမယ့် ကိစ္စမို့ ပါ။
ကြွပ်ကြွပ်အိတ် လျှော့ချတာဟာ မြန်မာနိုင်ငံရဲ့ အယူအဆထက် ကမ္ဘာ့ နိုင်ငံများမှာ ရှိတဲ့ ပညာရှင်များရဲ့ အာဘော်က ပိုပြီးမှန်ကန်ပါလိမ့်မယ်။ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့  ကြွပ်ကြွပ်အိတ် လျှော့ဖို့ ချည်းပဲမဟုတ်ပါဘူး ။ သစ်တောပြုန်းတီးတာတွေ သစ်ပင်တွေခုတ်လှဲတာတွေ အစ ပါနေပါတယ်။ သစ်ပင်ခုတ်သူတွေကိုလည်း သစ်ပင်တစ်ပင်ခုတ်ပြီးရင် ဆယ်ပင် ပြန်စိုက်လို့ တော့ပြောတာပဲ။ လုပ်မလုပ်တော့မသိ။
အဲ့ဒီ့ထဲမှာမှ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အချက်များစွာများထဲမှ အရေးကြီးတဲ့အချက်ဟာ ကြွပ်ကြွပ်အိတ် ဖြစ်နေတဲ့အချက်ပါပဲ…… ကြွပ်ကြွပ်အိတ် ထုတ်လုပ်ရောင်းချသူတွေဘက်က ကြည့်ရင် ဒီလိုမျိုး နိုင်ငံအနေနဲ့  ကြွပ်ကြွပ်အိတ်မသုံးဖို့  တားမြစ်ရင် ဒါဟာ သူတို့ အတွက် ဘာမှမတက်နိုင်တဲ့ Threat ပါပဲ-

နိုင်ငံတကာမှာ ကြွပ်ကြွပ်အိတ် မသုံးဖို့ ကို Pressure Groups တွေကလည်း ဖိအားပေးပါတယ်။
Environmental ကိစ္စတွေအပေါ်မှာ Corporate Social Responsibility (CSR) ရှိဖို့ ကို သူတို့ နားလည်တဲ့ သူတွေကရော ကုမ္ပဏီကြီးတွေအပေါ်ကို ပြောဆိုလာကြတာတွေ ရှိပါတယ်။ Mcdonalds ဆိုင်တွေမှာဆို အာလူးကြော်တို့  ကြက်ကြော်တို့ ကို Recycle အလွယ်တကူလုပ်နိုင်တဲ့ စက္ကူတွေနဲ့ ပဲပေးတာပါ။
ကျွန်မကိုယ်တိုင် စားဖူးလို့ သိတာပါ။ ကျွန်မတို့ ဆီမှာကျတော့ အာလူးကြော်တွေကို စက္ကူအိတ်နဲ့ ထုတ်ပေးပြီး အပေါ်က ကြွပ်ကြွပ်အိတ် ထပ်ပြီး ထည့်ပေးတဲ့အတွက် ကျွန်မတို့ မြန်မာနိုင်ငံက ဆိုင်တွေက ဟမ်ဘာဂါ ကြက်ကြော် အာလူးကြော်တွေကို ပုံတူကူးလို့ ရချင်ရမယ်။ သူ့ တို့ ဆီက Environmental ကို ထိန်းသိမ်းရကောင်းမှန်း သိမယ့် အိုင်ဒီယာကိုတော့ ပုံတူကူးမိမှာ မဟုတ်သေးဘူး….. သိချင်သိမယ်။ ဒါပေမယ့် မလုပ်နိုင်သေးဘူးလေ။…လုပ်နိုင်တဲ့လူအနည်းစု ကစပြီး အတက်နိုင်ဆုံးလျှော့ချဖို့  Mass Media တွေဖြစ်တဲ့ တီဗီ ရုပ်မြင်သံကြား ရေဒီယို စတဲ့တွေမှာ ဒီအစီအစဉ်တွေ အခုကစပြီး ဇယ်ဆက်သလို လာနေမှ ထိရောက်နိုင်မယ် ယူဆပါတယ်။
ဒီမှာ သူတို့ ထုတ်ပြန်ထားတဲ့သတင်းကို ကြည့်ရင် ကြွပ်ကြွပ်အိတ် ကို တားမြစ်မယ် ဆိုတာ ပါတယ်- တားမြစ်မယ်ဆိုတာ လုံးဝမသုံးရဘူးလို့ တားမြစ်မယ်ဆိုတာ တော့ မဖြစ်နိုင်ပါ။
Developed Country ဖြစ်တဲ့ Taiwan မှာတောင် စတိုးဆိုင်တွေမှာ ကြွပ်ကြွပ်အိတ် ကို လုံးဝမသုံးတာရတာမျိုးနဲ့ မပိတ်ပင်ပါ။ စတိုးဆိုင်တွေမှာ ကြွပ်ကြွပ်အိတ် ကို အလကားမပေးပါ။ တိုင်ဝမ် NS$ 1 ဒေါ်လာနဲ့ ဝယ်သုံးရတာမျိုးတွေရှိပါတယ်။ ဒါဟာ ဘာလို့  ကြွပ်ကြွပ်အိတ် မပေးလဲဆိုတဲ့ အကြောင်းအရင်းထဲက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စီမံချက်တစ်ခုပါ။ တခြားနိုင်ငံတွေမှာလည်း အဲလိုမျိုးတွေ များစွာရှိပါလိမ့်မယ်။
ဒါပေမယ့် Less Developing Contry ဖြစ်တဲ့ ကျွန်မတို့ နိုင်ငံမှာ ကြွပ်ကြွပ်အိတ်ကို လျှော့ချတဲ့ ပေါ်လစီတွေကို ချက်ခြင်း ကြီး ပြင်းပြင်းထန်ထန်နဲ့ လျင်လျင်မြန်မြန်နဲ့ ကျင့်သုံးလိုက်မယ်ဆိုရင် ဒါဟာ သိပ်အဆင်ပြေမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ကျွန်မသဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူပါ။ ပေါ်လစီတွေ သိပ်ကောင်းပေမယ့်
ကောင်းတဲ့ပေါ်လစီဖြစ်ပေမယ့် …. တကယ်တမ်းလက်တွေ့ မှာ လုပ်တဲ့အခါမှာ တခြားသော အစားထိုးနိုင်မယ့် နည်းလမ်းတွေနဲ့ ကို ကြိုတင်သတိပေးရမှာ ဖြစ်ပါတယ်။ ဒီတစ်ချက်တည်းနဲ့ ချလိုက်ရင် မလိုလားအပ်တဲ့ ကြွပ်ကြွပ်အိတ် ဈေးတက်မှုတွေ ဖြစ်ပြီး တကယ့်လိုရင်းရောက်နိုင်မယ် မထင်ပါ။ နောက်တစ်ခု အချိန်ကာလအပိုင်းအခြား တစ်ခု သတ်မှတ်ပြီးလည်း ကြော်ငြာသင့်ပါတယ် ။ ဥပမာ -2010- 2011 အထိ ဆိုတာမျိုးတွေ….
အဓိက အချက်က ကြွပ်ကြွပ်အိတ် တားမြစ်ဖို့ ထက် လူထုကို ပညာပေးဖို့ က တကယ့်ကို ထိထိရောက်ရောက်လိုအပ်တာပါ။ အခုအချိန်အထိ မြန်မာနိုင်ငံမှာ တီဗီလိုင်း သုံးလှိုင်းရှိတဲ့အထဲက လိုင်းတစ်လိုင်းဖြစ်တဲ့ MRTV 4 ကသာ ဟိုတလောမှာ ကြွပ်ကြွပ်အိတ် လျှော့ချရေး ကြည့်လိုက်ရတဲ့အတွက်ဒါဟာ မလုံလောက်တဲ့အနေအထားဖြစ်ပါတယ်.။ ကြွပ်ကြွပ်အိတ် သုံးရတာကို လွယ်ကူနေတဲ့ ကျွန်မတို့ တွေဟာ ဘာမှန်းမသိရပဲ ကြွပ်ကြွပ်အိတ် သုံးစွဲခြင်းကို ပိတ်ပင်တယ်ဆိုပြီး ဖြုန်းကနဲ လာရင် ကြောင်တောင်တောင် တောင် ဖြစ်နိုင်ပါတယ်။
ဖြစ်နိုင်ရင် တီဘီရောဂါကာကွယ်ဖို့ ဆေးတွေသောက်ကြစို့ ဆိုပြီး လာတဲ့ တီဘီကြော်ငြာတွေလို သဘာဝပတ်ဝန်းကျင်ကိစ္စတွေကို လူတွေမှာ စွဲနေရန် သူတို့ ကိုယ်တိုင်က လက်ခံပြီး နားလည်လာနိုင်ရန် အသိပေးရန် လိုအပ်ပါတယ်။ အခုရေးလိုက်တဲ့ စာတွေဟာ ကြွပ်ကြွပ်အိတ် သုံးသင့်မသုံးသင့်ထက် လျှော့ချဖို့ ကလည်း ပိုအရေးကြီးကြောင်း သိစေလိုပါတယ်။ လုံးဝကြီးတားမြစ်မယ်ဆိုတာကတော့ တကယ့်တကယ်မှာလုံးဝကြီး မဖြစ်နိုင်သေးပါ။

ကျွန်မရေးခဲ့တဲ့ ကမ္ဘာမြေအတွက် Earth Day April 22 မှာလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အနည်းငယ်ရေးထားပါတယ်။
(မပြည့်စုံခဲ့ပါက ခွင့်လွှတ်ပေးပြီး ထပ်ဖြည့်ပေးရန်လည်း ကြိုဆိုပါတယ်)
သျှင်
27.07.09





မိန်းကလေးများ သိသင့်သောသူတို.အကြောင်း..

21 07 2009

1) Guys may be flirting around all day, but before they go to sleep, they always think about the girl they truly care about.
ယောက်ျားလေးတွေဟာ သူတို့ သဘာဝအတိုင်း တနေ့လုံးနီးပါး စတတ် နောက် တတ်ကြပေမယ့် အိပ်ခါနီးလေးမှာတော့ သူတို့ ဂရုစိုက်တဲ့ (သူတို့ စိတ်ဝင်စားတဲ့ )မိန်းကလေးကိုအကြောင်းကိုတော့ တွေးကြစမြဲပါဘဲ ……

2) Guys are more emotional then you think. If they loved you once, it’ll take them a lot longer then you think to let go in their head, and it hurts every second that they try.

ယောက်ျားလေးတွေက ကောင်မလေးတွေထင်ထားတာထက် ပိုပြီးစိတ်ခံစာံးလွယ်ပါတယ်.. သူတို့ခေါင်းထဲက ချစ်ရတဲ့ကောင်မလေးကို ထုတ်ပြစ်ဖို့ဆိုတာ ထင်ထားတာထက် ပိုပြီးအချိန်ပိုကြာတတ်ပါတယ်… Second တိုင်းအမျှ ခံစားရတတ် ပါတယ်…

3) Guys go crazy over a girl’s smile.
သူတို့ဟာ ကောင်မလေးတွေရဲ့ အပြုံးမှာ ရူးသွပ်သွားတတ်ပါတယ်..

4) A guy who likes you wants to be the only guy you talk to.
ချစ်ရသော မိန်းကလေးအတွက် သူတို့သာလျှင် စကားပြောဖော် ဖြစ်ချင်ကြပါတယ်..

5) If a guy tells you about his problems, he just needs someone to listen to him. You don’t need to give advice.
သူတို့မှာရှိနေတဲ့ ပြသနာကိုပြောပြနေခြင်းဟာ နားထောင်ပေးစေချင်တဲ့ သဘောပါပဲ.. အကြံတောင်းနေတာ မဟုတ်ကြဘူး.. တိတ်တိတ်လေးနဲ့နားထောင်ပေးနေလိုက်ပါ.. 🙂

6) A usual act that proves that the guy likes you is when he teases you.
ပုံမှန်ပြောဆို စနောက်နေချင်းဟာလည်း ကောင်လေးဘယ်လောက်ချစ်ကြောင်းသက်သေ တစ်ခုပါပဲ..

7) Guys love you more than you love them !!!
ကောင်လေးချစ်တတ်တာ ကောင်မလေးထက် ပိုပါတယ်..

8) Guys use words like hot or cute to describe girls. They rarely use beautiful or gorgeous. If a guy uses that, he loves you or likes you a whole heck of a lot.
သူတို့ ကောင်မလေးတွေကို မိုက်တယ်. ချစ်စရာကောင်းတယ်လို့ပဲပြောတတ်ကြပါတယ်.. အဲ.. လှတယ် မဟာဆန်တယ်ဆိုရင်တော့ သူတို့ တကယ်ချစ်လို့ တကယ်ရင်ထဲက ခံစားနေရ လို့တဲ့..

9) If the guy does something stupid in front of the girl, he will think about it for the next couple days or until the next time he spends time with the girl.
ကောင်မလေးရှေ့မှာ မကောင်းတာတစ်ခု (something stupid) လုပ်ခဲ့မိတယ်ဆိုရင် သူတို့ဟာ နောက်ရက်တော်တော်ကြာကြာတဲ့ ထိ တွေးနေတတ်ပါတယ်.. မဟုတ်ရင်တော့ နောက်တစ်ကြိမ်ကောင်မလေးနဲ့ တွေ့တဲ့ချိန်ထိ တွေးနေတတ်ပါတယ်..

10) If a guy looks unusually calm and laid back, he’s probably faking it and he’s really thinking on something.
သူတို့ ပုံမှန်မဟုတ်ပဲ တိတ်ဆိတ်နေတယ် ဆိုရင်တော့ သူတို့စိတ်ထဲမှာတစ်ခုခုတွေးနေတာပဲဖြစ်ပါတယ်..

11) When a guy says he is going crazy about the girl, he really is. Guys rarely say that.
သူတို့ကောင်မလေးတစ်ယောက်ကြောင့်ရူးနေရပြီဆိုရင် သူတို့အမှန်တကယ်ပြောနေခြင်းသာဖြစ်ပါတယ်.. ပြောခဲတဲ့စကားလေးပါ..

12) When a guy asks you to leave him alone, he’s just actually saying, “Please come and listen to me.”
တစ်ယောက်တည်းနေခွင့်ပေးပါ ဆိုတာ ညာတာပါ.. ဆိုလိုရင်းကတော့ ငါပြောတာကိုလာပြီးနားထောင်ပေးပါလို့ ပြောနေခြင်းသာဖြစ်ပါတယ်..

13) If a guy starts to talk seriously, listen to him. It doesn’t happen that often, so when it does, you know something’s up.
သူတို့စကားကိုသေသေချာချာ ကျကျနန ပြောနေရင် ဂရုစိုက်ပေးပါ နားထောင်ပေးပါ..

14) When a guy looks at you for longer than a second, he’s definitely thinking something.
တစ်second ထက် ပိုပြီးကောင်မလေးအား ကြည့်နေခဲ့ရင် သူတစ်ခုခုကိုသေချာ တွေးနေလို့ပဲဖြစ်ပါတယ်..

15) Guys really think that girls are strange and have unpredictable decisions and are MAD or confusing, but somehow are drawn even more to them.
ခန့်မှန်းရခက်တဲ့မိန်းကလေးတွေ ထူးခြားတဲ့မိန်းကလေးတွေ ရူးတူးတူးပေါချာချာ ကောင်မလေးတွေ 🙂 အကြောင်းကိုပိုတွေးတတ်ကြပြီး သူတို့အာရုံမှာ ထိုမိန်းကလေးများက မသိဘာသာ ပိုနေရာယူနေတတ်ကြပါတယ်..

16) No guy can handle all his problems on his own; he’s just too stubborn to admit it.
သူတို့တစ်ယောက်ထဲ ပြသနာအားလုံးကို မဖြေရှင်းနိုင်ပါဝူး.. သူတို့ဝန်ခံဖို့မရဲတာသာဖြစ်ပါတယ်..

17) When a guy sacrifices his sleep and helth just to talk to you, He really likes you and wants to be with you as much as possible……..
ကောင်မလေးနဲ့စကားပြောခွင့်ရဖို့အတွက် သူရဲ့အိပ်စက်ခြင်း နဲ့ သူရဲ့ကျမ်းမာရေးကို ပြောပြနေခြင်းဟာ သူကောင်မလေးကို တကယ်ကြိုက်လို့ အတူရှိနေချင်တဲ့အတွက်သာပြောနေခြင်းသာ ဖြစ်ပါတယ်..

18) Even if you dumped a guy months ago and he loved you, he probably still does and if he had one wish it would be for you to come back into his life.
ကောင်မလေးလမ်းခွဲသွားတာ လတော်တော်ကြာနေပေမယ့် ဆုတောင်းတစ်ခုရရှိမယ်ဆိုရင် အဲတာဟာကောင်မလေးသူဘ၀အတွင်း ပြန်လာနိုင်ဖို့အတွက်သာဖြစ်ပါလိမ့်မယ်..

A





Welcome Back to our page (but this post is about me, sorry)

21 07 2009

ကျွန်မတို့ဘလော့လေး မရှင်သန်ဖြစ်တာကြာပါပြီ။ ဘလော့ပေါ်သာ မလာကြတာပါ။ အပြင်မှာ တွေ့ဆုံပွဲလေးတွေ ကြိုကြားလုပ်ဖြစ်ရင်တော့ လာကြပါတယ်။
အခုဒီစာကို ရေးတဲ့အကြောင်းရင်းတွေကတော့….
၁။ ဒီဘလော့ကို လည်ပတ်နှုတ်ဆက်ရေးသားချင်တာကတစ်ကြောင်း၊
၂။ ကျွန်မဘာတွေလုပ်နေလဲ ဘယ်ရောက်နေလဲ ဘာတွေခံစားနေရလဲ ပြောချင်တာကတစ်ကြောင်းပါ။
ဒီဘလော့ကို လည်ပတ်နှုတ်ဆက်ချင်ရေးသားချင်တဲ့ အကြောင်းကတော့ ရှည်ရှည်ဝေးဝေး ပြောနေဖို့မလိုတော့ပါဘူး။ ကိုယ့် ကိုယ်ပိုင်ဘလော့လိုပဲ သံယောဇဉ်ရှိတဲ့ စာမျက်နှာလည်းဟုတ်တယ်လေ။ ခုနည်းနည်းလေး ပိုပြီး များများပြောချင်တာက ကျွန်မအကြောင်းပါ။
ကျွန်မအခု Egress မှာပဲ ရှိနေပါတယ်။ E2 ပြီးတော့ ကျွန်မက ကိုနေယံဦးတို့ IT မှာ Volunteer လုပ်တယ်။ Responsibility က MMachet ဆိုတဲ့ Online Magazine တစ်စောင်အကောင်အထည်ဖော်ဖို့ပါ။ April လလယ်လောက်က စလိုက်တဲ့ Volunteer Life ကခုထိပါပဲ။ မိဘချမ်းသာလို့ လုပ်နေတဲ့အလုပ်မဟုတ်လို့ Survive လုပ်ရတာ အထိုက်အလျောက်တော့ ကြမ်းတမ်းတယ်။ ဒါပေမဲ့ Egress ရဲ့ Professional Writing သင်တန်းကို ဇွန်လလယ်မှာ MMachet အတွက် လိုအပ်ချက်ဖြစ်တာရယ်၊ ကျွန်မဝါသနာပါတဲ့ လမ်းကြောင်းဖြစ်တာရယ်ကြောင့် တက်ဖြစ်လိုက်တယ်။
စတက်လို့မှမကြာသေး။ ဒီနှစ်အတွက် လျှောက်ထားတဲ့ တက္ကသိုလ်တွေက Admission မရတဲ့သတင်းဝင်လာတယ်။ နောင်နှစ်ထပ်လျှောက်ဖို့ ကြိုဆိုပါတယ် ဆိုတဲ့ စာတစ်ကြောင်းနှစ်ကြောင်းနဲ့တင် ကျွန်မရဲ့ Depression ကာလစတင်သွားတယ်။ အဲဒီကာလမှာ တစ်ဖက်မှာ သင်တန်းတက်နေတာက တစ်မျိုးအထောက်အကူဖြစ်သွားတယ်။ စိတ်တွေကို ခိုင်းထားလိုက်တယ်လေ။ မအားရအောင်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် စိတ်ဓာတ်တွေနိမ့်ပါးနေတဲ့ကာလမို့ သင်တန်းချိန်မှာတောင် စိတ်တွေ ပျံ့လွင့်ပြီး ငိုချင်လျက်လက်တို့ဖြစ်နေတဲ့အချိန်။ တကယ်ကို ဘာဆိုဘာမှ အဆင်မပြေတဲ့ကာလပါ။
အားပေးကြတဲ့ မိတ်ဆွေတွေကိုတော့ ကျေးဇူးတင်ပါတယ်။နောက်ပိုင်းတော့ ထုံးစံအတိုင်း ပစ္စုပ္ပန်ကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားတော့မယ်လို့ စိတ်ကိုဖြေပြီး သင်တန်းသူတဖြစ်လဲ Volunteer Life ကိုဆက်ခဲ့ပါတယ်။ တစ်ဖက်မှာ လျှောက်ထားတဲ့ တက္ကသိုလ်တွေဝင်ခွင့်မရသေးလို့ စိတ်ဓာတ်ကျမှုက MMachet Magazine ဖြစ်မြောက်ရေးကို ပိုပြီးအာရုံစိုက်လာစေပါတယ်။ ဘာပဲဖြစ်ဖြစ် ဂျာနယ်လစ်လမ်းကြောင်းပေါ် ရောက်လာတာလေးတစ်ခုကတော့ ကျေနပ်စရာအကောင်းဆုံးကိစ္စပါ။
လောလောဆယ်တော့ ကျွန်မအကြောင်းက အဲဒီလောက်ပါပဲ။ နောက်လည်း မကြာမကြာနားပူနားဆာ ဝင်လုပ်နေပါဦးမယ်။ သူငယ်ချင်းတွေရဲ့ စကားတွေ စာတွေကိုလည်း မျက်ခြေမပြတ်ချင်သေးပါဘူးလို့။ ။

Kalyar Ei Ei Lwin