Poem

“ဘာပဲဖြစ်ဖြစ် ခင်ဗျားကို ချစ်နေတုန်းပဲရန်ကုန်”

အပေါစား မိတ်ကပ်တွေ လိမ်းထားတဲ့
မိန်းမပျက် တစ်ယောက်လို အပြုံးနဲ့
ခင်ဗျားဟာ ခုထိ လှနေတုန်းပဲ ရန်ကုန် ……..။

ခင်ဗျား ရဲ့ ဇရာ အရေးအကြောင်းတွေကို
မသိမသာ ဖုံးထားပြီး
ကိုယ်လုံးအလှ တမင်ပေါ်အောင်
ပါတိတ်အတု တစ်စုံနဲ့
မံမီကောင် လို ကျပ်စည်းထားတဲ့
ခင်ဗျား ကို
ရင်ခုန်နေတုန်း ပဲ ရန်ကုန် ……..။

မြစ်တခုမှ ရေ၂ခါ ချိုးလို့ မရပေမဲ့
ခင်ဗျား ရင်ခွင်ထဲမှာ တော့
လူးအိုင်ထဲက ကျွဲတစ်ကောင်လို
စိန်ပြေနပြေ ကို ကူးချင်နေသေးတဲ့ကောင်ပါ…….။

မြီးကောင်ပေါက် မလေး ဝက်ခြံထသလို
ခင်ဗျား မှာလဲ ကျင်းတွေချိုင့်တွေ ထလို့….
လသာတဲ့ ညတွေမှာ ပြသနာမရှိပေမဲ့
လမိုက်ညတွေဆို …
ခင်ဗျားက အကျည်းတန်လွန်းတယ် ရန်ကုန် ……

ခင်ဗျားကို ကျပျောက်တဲ့ညတွေနဲ့
ကျုပ်ကိုယ်တိုင် ပျောက်သွားတဲ့ နေ့တွေ
တဖြေးဖြေးသာ များလာတယ်
ကျုပ်တို့ ၂ ယောက်ကြား ဘာမှ မထူးခြားဘူး မဟုတ်လား….။

တောသူလေး ဒဂုန်ဘဝက
ခုန်ထလာတဲ့ ရန်ကုန်ဟာ
၂၁ရာစု အလယ်ခေါင်မှာ
ဂလိုဘယ် ဆန်ချင်ရှာသတဲ့လေ…..

မိတ်အင် ချိုင်းနားနဲ့
ကြီးထွားနေတဲ့ ..ရန်ကုန်က
မီနီစကတ်ဝတ်ရ …
နိုက်ကလပ် တက်ရ…
ကိုရီးယား လိုနှုတ်ဆက်ရ…
နှစ်သစ်ကူး ညစာစားပွဲတွေ ကျင်းပရနဲ့
သူ့ခမျာ မအားရရှာပါဘူး…….။

ပျိုရွယ်စဉ် လှနေတုန်းတော့
ဘောင်းဘီဝတ် မိုးတိမ်တွေ
တမိုးလုံးထိန်နေပေမဲ့
အရှိန်ကုန် ရနံပြယ်တော့လဲ
စွန့်ပယ်လိုက်ကြတာပဲ မဟုတ်လား…..ရန်ကုန်

ခုများမတော့ ရန်ကုန်ဟာ
၂၄ နာရီ မလင်းရှာတဲ့
မီးဝါဝါလေးတွေကို ပန်းလိုပန်လို့ …..
ဒုက္ခသည် တွေမွေးဖွားရာ
မီးနေခန်းကြီးကို ဖြစ်လို့
ရှိသမျှ စုပ်ယူခံထားရလို့
ကြိတ်စက်ထဲက ထွက်လာတဲ့
ပျော့ဖတ်တစ်ခုလို
ဖြူဖတ် ၊ ဖြူလျှော် နဲ့ …..
ကူးစက်ရောဂါ သယ်ဆောင်လာသူ တစ်ယောက်လို
ခွဲခြားဆက်ဆံ ခံရရှာတယ်လေ………….။

မွဲပျာပျာ ၊ခြောက်ကပ်ကပ်နဲ့
ပေါ့ပျက်ပျက် ရန်ကုန်……………………

ငွေကို ဘုရားလို
ကိုးကွယ်ထားခဲ့တဲ့ရန်ကုန်……………..

အရောင်းမြှင့်တင်ရေးပွဲတွေကို
လိုက်လိုက်ငေးနေရတဲ့ရန်ကုန်…………..

ရန်ကုန်မှာ ချက်တဲ့မုန့်ဟင်းခါးကို
ဧရာဝတီသားလို့ ပြောမှ
အရောင်းသွက်ရှာတဲ့ ရန်ကုန်………………

ရန်ကုန်သားတွေကို
ဘိလိယက် လို ကစားခဲ့တဲ့ ရန်ကုန်……………

အင်္ဂလန်ဘောသမားတွေကို
ပက်ပက် စက်စက် အားထားခဲ့ တဲ့ရန်ကုန်………..

သူကိုယ်သူ အပေါင်ထားပြီး
ဘဝတစ်ခုလုံး လောင်းတမ်း ကစားခဲ့ရှာတယ် …….

ဘာပဲ ဖြစ်ဖြစ် ခင်ဗျားကို
ချစ်နေတုန်းပါပဲ ရန်ကုန်………………….။

ဖုန်းမြင့်
*********************************************
အေးချမ်းရာ

ပျံသန်းရတာအတောင်ညောင်းလာတော့လည်း

ဘုရားသွားကျောင်းတက်ချင်လာပြီ။

တယ်ဟုတ်ပါလားလို့ထင်လိုက်တော့မှ

ဒိုင်းတစ်ခုလိုယူသုံးမိတဲ့အဖြစ်ကထင်ရှားသွားတယ်

ဘုရားကိုအားနာလိုက်တာ။

လုပ်စရာတွေပွစာကျဲနေတဲ့စားပွဲက

နေရာတိုင်းမှာကြိုဆိုနေတဲ့ဘဝ

တစ်ယောက်ထဲသီးသန့်ကြုံရတာတော့မဟုတ်ဘူးပေါ့။

မိုးခြိမ်းသံကြားတော့မှခိုလှုံချင်လာတယ်

ထန်းလက်မဟုတ်တဲ့ အကာအကွယ်တစ်ခု

ကျွန်မတို့ခေါင်းရင်းမှာရှိတာ နည်းလား။ ။

..လရိပ်ပြာ..
********************************************************
သံပတ်ဆန်နေတဲ့ ရေသောက်မြစ်တွေ

မနိုးမဖြစ်လို့ ထလိုက်ရတဲ့ မနက်ခင်းများစွာ

တစ်စက္ကန့်….နှစ်စက္ကန့်….သုံးစက္ကန့်…. ဒီလိုနဲ့ပဲ

စက္ကန့်တွေကိုပဲ ရင်ခုန်သံနဲ့ရေတွက်နေရတယ်။

ဇန်န၀ါရီ….ဖေဖော်ဝါရီ…….နိုဝင်ဘာများ

ဖြတ်သန်းခဲ့တာ နှစ်ဆယ့်ရှစ်ကြိမ်မကတော့ဘူး။

ဘ၀ဆိုတာ two way မဟုတ်တာသေချာလာနေပြီ။

မနက်နိုးတိုင်းအသက်ရှုလို့ရနေတာပဲ

အဖေနဲ့အမေကို ကျေးဇူးတင်နေတယ်။

မနက်ဖြန်အတွက် ဘာကိုမှန်းမသိပူပန်နေရင်း

တစ်ရက်ပြီးတစ်ရက်သာမိုးချုပ်သွားတယ်

ဆေးလိပ်မီးခိုးကြားက မျက်ဝန်းတွေကို

ခုထိသတိရနေတုန်းပဲ။

ယှဉ်ပြိုင်မှုတွေကတော့ ပြင်းထန်တယ်

အတိတ်ကပစ္စုပ္ပန်ကိုယှဉ်ပြိုင်တယ်

ပစ္စုပ္ပန်ကအတိတ်ကိုယှဉ်ပြိုင်တယ်

ဘာတစ်ခုမှချိန်ခွင်ညီမမျှသေးဘူး။

တကယ်တမ်းတော့ ကျွန်မတို့အားလုံးက…

အဖြေထွက်ဖို့မသေချာတဲ့ ပစ္ဆာတစ်ပုဒ်တွက်နေကြတာ။

…Layeik Pyar…

************************************************************

2 responses

14 05 2009
linlinaung

ူုကျွန်တော် တော်တော်လေး စိတ်ဝင်စားခဲ့ ပါတယ်

15 01 2010
min myat

ကျွန်တော်ကတော့ ကဗျာတိုတို တွေကိုပိုကြိုက်တယ် သိလား ကဗျာဆိုတာ တိုနဲ့ထိနေရမယ်လို့ထင်တယ် ရည်ရင်ဖတ်ရတာ သိပ်စိတ်မရှည်တော့ဘူး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s




Follow

Get every new post delivered to your Inbox.